Skip to main content

COVID-19 ကို ကိုင်တွယ်ရန်အတွက် အင်တာနက်ပိတ်ထားခြင်းများကို အဆုံးသတ်ရန်

ပိတ်ပင်မှုကြောင့် အသက်များဆုံးရှုံးနိုင်

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်၊ ကက်ရှ်မီးယားရှိ သီရိနဂါး၌ မိုဘိုင်းဖုန်းနှင့် အမျိုးသားတစ်ဦး။ © ၂၀၂၀ AP Photo/Dar Yasin

 

နောက်ဆုံးရသတင်း- သုံးလကြာ ပိတ်ထား ပြီးနောက် အိုရိုးမီးယား အနောက်ပိုင်းကို ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှု  ပြန်ဖွင့်ပေးမည်ဟု အီသီယိုးပီးယားမှ ကြေညာခဲ့ပါသည်။

(နယူးယောက်) – ရည်ရွယ်ချက်ရှိရှိဖြင့် အင်တာနက်ပိတ်ခြင်း သို့မဟုတ် အင်တာနက် ရယူမှု ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးများစွာ ချိုးဖောက်ပြီး ကမ္ဘာအနှံ့ဖြစ်ပွားသော COVID-19 ရောဂါ ကဲ့သို့ ကျန်းမာရေး ကပ်ဆိုက်သောကာလအတွင်း သေစေနိုင်ကြောင်း (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ယနေ့ပြောခဲ့သည်။  ဘင်္ဂလာဒေ့ရှ်၊ အီသီယိုးပီးယား၊ အိန္ဒိယ နှင့်  မြန်မာနိုင်ငံ ကဲ့သို့  အင်တာနက်ပိတ်ရန်  လောလောဆယ် သတ်မှတ်ထားသည့် အစိုးရများသည် ၎င်းကို အသက်များကယ်တင်ရန်အတွက် ရုပ်သိမ်းသင့်သည်။

 
ကျန်းမာရေးကပ်ဆိုက်သောကာလအတွင်း၊ သတင်းအချက်အလက်များကို အချိန်မီ တိကျစွာရယူနိုင်ရေးသည် အရေးကြီးလှပါသည်။ လူတို့သည် ကျန်းမာရေးစီမံချက်များ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များဆိုင်ရာ နောက်ဆုံးပေါ် သတင်းအချက်အလက်များနှင့် မိမိတို့ကိုယ်ကိုယ်နှင့် အခြားသူများကို ကာကွယ်ရန် သက်ဆိုင်သည့် သတင်းများအတွက် အင်တာနက်ကို အသုံးပြုကြသည်။ 
 
“အင်တာနက် ပိတ်ထားခြင်းသည် လူတို့မုချလိုအပ်သော သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ရယူခြင်းကို ဟန့်တားပိတ်ဆို့နေသည်၊” “ကမ္ဘာတစ်ဝန်းလုံးဖြစ်ပေါ်နေသည့် ဤကျန်းမာရေးကပ်ဆိုက်သော ကာလအတွင်း၊ ထိုသို့ ပိတ်ထားခြင်းများသည် လူတို့၏ကျန်းမာရေးနှင့် အသက်များအပေါ် တိုက်ရိုက်အန္တရာယ်ရှိစေပြီး၊ ကမ္ဘာအနှံ့  ဖြစ်ပွား  နေသော ဤကပ်ရောဂါကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများကို အားလျော့စေသည်။” ဟု အဆင့်မြင့် ဒစ်ဂျစ်တယ် ရပိုင်ခွင့်များ၏ သုတေသီနှင့် ထောက်ခံပြောဆိုသူ (ဒယ်ဘရာ ဘရောင်း) Deborah Brown က ပြောပါသည်။ 
 
အိမ်မှာနေလျက်ရှိကြသည့် ကမ္ဘာတစ်ဝန်းလုံးကလူများအတွက် မိမိမှလိုလားစွာဖြင့် ဖြစ်စေ၊ အစိုးရ၏ ကန့်သတ်ချက်များ ကြောင့်ဖြစ်စေ၊ အင်တာနက်သည် ဆရာဝန်များ၊ မိသားစုများ၊ မိတ်ဆွေများနှင့် ဆက်သွယ်ပြောဆိုရန် အလွန် အရေးကြီးပါသည်။ ပညာရှာနေသော ကလေးများစွာနှင့် အခြားသူများအတွက် ကမ္ဘာတစ်ဝန်း ကျောင်းများ ပိတ်ထားနေစဉ် ပညာဆက်လက်သင်ကြားရန်အတွက် အင်တာနက် လိုအပ်ပါသည်။ 
 
အင်တာနက်ပိတ်ထားခြင်းများကြောင့် အွန်လိုင်းမှပံ့ပိုးသည့် ဝန်ဆောင်မှုများ  အတွက် အင်တာနက်ကို အားထားနိုင်သည့် အမျိုးသမီးများ၊ လိင်တူဆက်ဆံသည့် အမျိုးသမီးများ၊ လိင်တူဆက်ဆံသည့် အမျိုးသားများ၊ လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသူများနှင့် လိင်ပြောင်းသူများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအပေါ် သာ၍ထိခိုက်နိုင်ပါသည်။ ဤအုပ်စုများသည် ၎င်းတို့၏ ကိုယ်ကာယ ဘေးကင်းရေး၊ လိင်ပိုင်းဆိုင်းရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အချက်အလက်များ ရယူမှု၊ လူမှုရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဘဝတို့တွင် ပါဝင်ရန်၊ အထူးသဖြင့် အမျိုးသမီးများအနေဖြင့် ကလေးထိန်းခြင်းနှင့် ပညာရေးအတွက် တာဝန်များပိုမိုယူနေသည့်အချိန်တွင်နှင့်  စိတ်ထိခိုက်မှုကို ပိုမိုဆိုးရွားစေနိုင်သည့် တစ်ကိုယ်တည်းနေချိန်တွင် အင်တာနက်ကို ပိုမို အားထားနေနိုင်ကြပါသည်။ 
 
 အင်တာနက်ဖြတ်တောက်မှုများကြောင့် စီးပွားရေးအရ ထိခိုက်မှုသည် အရေးပါပါသည်။ သွားလာလှုပ်ရှားမှုပေါ် ကန့်သတ် ပိတ်ပင်မှုများ တိုးချဲ့လာသည်နှင့်အမျှ၊ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများသည် ခါတိုင်းထက်ပို၍ အင်တာနက်ကို အားထားနေကြပါသည်။ 
 
များမကြာမီနှစ်များက အင်တာနက်ပိတ်ထားခြင်းများ ပိုမိုတိုး၍ဖြစ်ပေါ်လာနေပြီး၊ ရွေးကောက်ပွဲများ၊ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများကဲ့သို့ တင်းမာသည့် ကာလများတွင် သာမန်အားဖြင့်   ဖြစ်ပေါ်လေ့ရှိပါသည်။ Access Now ၏အဆိုအရ နိုင်ငံ သုံးဆယ့်သုံးနိုင်ငံမှ ၂၀၁၉ ခုနှစ်တွင် အင်တာနက်ပိတ်ထားမှုများ  ၂၁၃ ကြိမ် ပြုလုပ်ခဲ့ပါသည်။ အစိုးရ၏အကြောင်းပြချက်များမှာ သတင်းမှားများကို ချေမှုန်းရန်မှသည် အများပြည်သူ  ဘေးကင်းရေးနှင့် နိုင်ငံတော် လုံခြုံရေးအတွက်ဟူသည်အထိ ဖြစ်သည်။ 
 
၂၀၁၂ ခုနှစ်မှစ၍ အနည်းဆုံး ၃၈၅ ကြိမ် အမိန့်ချမှတ်ခြင်းဖြင့် အိန္ဒိယတွင် အင်တာနက် ပိတ်ထားမှုများ အများဆုံး  ဖြစ်ပေါ်ခဲ့ပါသည်။  ဂျမ်ဘူနှင့် ကက်ရှ်မီးယား၌ ၂၀၁၉ ခုနှစ် သြဂုတ်လတွင်  အိန္ဒိယ အစိုးရသည် ဆက်သွယ်ပြောဆိုမှုများကို လုံးဝအမှောင်ချရန် ချမှတ်ခဲ့ပြီး၊ ၎င်းကြောင့် မိသားစုများ ဆက်သွယ်ပြောဆိုမှု ရပ်တန့်သွားပြီး ဒေသန္တရ စီးပွားရေးအပေါ်  အနှောင့်အယှက် ဖြစ်ခဲ့ပါသည်။ တယ်လီဖုန်းဝန်ဆောင်မှုများကို တဖြည်းဖြည်း ပြန်လည်ရရှိခဲ့သော်လည်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အင်တာနက် ပိတ်ထားခြင်းသည် တရားမဝင်ဟု နိုင်ငံတော် တရားရုံးချုပ်မှ တွေ့ရှိ  ပြီးနောက်မှသာ  ဝန်ဆောင်မှုကို တစ်စိတ်တစ်ဒေသ ပြန်ပေးပြီး 2G အမြန်နှုန်းဖြင့်သာ  ပေးခဲ့သည်။  
 
အိန္ဒိယနိုင်ငံသို့ COVID-19 ပြန့်ပွားပြီးနောက်၊ အမြန်နှုန်းကို အလွန်မြင့်မားစွာကန့်သတ်မှုကြောင့် တက်စ်မက်ဆေ့ဂျ် ထက်ပို၍ အခြားတစ်ခုခုပြုလုပ်ရန် မဖြစ်နိုင်လုနီးနီးဖြစ်သည့်အတွက် ကမ္ဘာအနှံ့အပြားဖြစ်သည့် ဤရောဂါအကြောင်း သတင်းအချက်အလက်များပေးသည့်  ဝက်ဆိုက်များကို မဝင်ရောက်နိုင်ကြောင်း  ပြောခဲ့ကြပါသည်။ “အသက်များ ကယ်ဆယ်ရန်အတွက် ဆရာဝန်များနှင့် လူနာများအားလုံးကို အမြန်နှုန်းမြင့်မားသည့် အင်တာနက်အပါအဝင် ကိရိယာ အားလုံးရရှိရေး ဆောင်ရွက်ပေးရန်” နယူးဒေလီမြို့ အခြေစိုက် (အင်တာနက် လွတ်လပ်ခွင့် အဖွဲ့အစည်း) Internet Freedom Foundation က အစိုးရအား မေတ္တာရပ်ခံခဲ့သည်။  
 
လပေါင်းများစွာကြာ အစိုးရမှ ချမှတ်ထားသည့် အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများ ပိတ်ထားခြင်း  ကြောင့် အီသီယိုးပီးယားတွင် အိုရိုမီးယားအနောက်ပိုင်းရှိ သန်းပေါင်းများစွာသော လူတို့သည် COVID-19 အကြောင်း အဓိကကျသည့် သတင်းအချက်အလက်များ မရရှိဘဲဖြစ်နေနိုင်ပါသည်။ ဤသို့ပိတ်ထားမှုကြောင့် မိသားစုများစွာ ဆက်သွယ်ပြောဆိုမှုများ  မပြုနိုင်၊ အသက်ကယ်သည့် ဝန်ဆောင်မှုများအတွက် အနှောင့်အယှက်ဖြစ်ကာ၊ ထိုဒေသအတွင်း အစိုးရမှ သူပုန်များကို တန်ပြန်တိုက်ခိုက်မှု စစ်ဆင်ရေးများပြုလုပ်စဉ်  သတင်းအမှောင်ချခြင်းများ  ဖြစ်စေခဲ့ပါသည်။ 
 
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ လူတစ်သန်းကျော်အပေါ် မြန်မာနိုင်ငံအစိုးရမှ အင်တာနက် ပိတ်ထားပါသည်။  ပထမဦးစွာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်ခုတွင် အင်တာနက်ရယူနိုင်မှု ကန့်သတ်ခဲ့ပြီး ချင်းပြည်နယ်တွင် မြို့နယ်တစ်ခုကို  ပြီးခဲ့သည့် ဇွန်လက ကန့်သတ်ခဲ့ပါသည်။ ဤကန့်သတ်မှုကြောင့် ပဋိပက္ခဒေသများရှိ အရပ်သားများကို ထိခိုက်ခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများ ပေးပို့ခြင်းနှင့် လူ့အခွင့်အရေး စောင့်ကြပ်ကြည့်ရှုမှု အလုပ်အပေါ်လည်း ထိခိုက်ခဲ့ပါသည်။ အစိုးရသည် စက်တင်ဘာလတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ငါးခုအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်းခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည်ကန့်သတ်ခဲ့ပါသည်။  
 
ဘင်္ဂလာဒေ့ရှ်တွင်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ၌ အင်တာနက်အမှောင်ချခြင်းနှင့် တယ်လီဖုန်းကန့်သတ်မှုများကြောင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များအနေဖြင့် COVID-19 ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အဟန့်အတား ဖြစ်နေပါသည်။ ထိုသို့ပိတ်လိုက်ခြင်းကြောင့် ကောက်ဆစ်ဘဇားရှိ ဒုက္ခသည် ကိုးသိန်းနီးပါးနှင့် အိမ်ရှင် ဘင်္ဂလာဒေ့ရှ် လူမှုအသိုင်းအဝိုင်းတို့၏ ကျန်းမာရေးနှင့် အသက်များအပေါ် ဘေးအန္တရာယ် ဖြစ်စေပါသည်။   
 
လွန်ခဲ့သည့် လေးနှစ်နီးပါးက ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပထမဆုံးအနေဖြင့် အွန်လိုင်း သတင်းအချက်အလက်များ ရယူခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းအပေါ် တားဆီးရန် သို့မဟုတ် နှောင့်ယှက်ရန်  ဆောင်ရွက်ချက်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်များကို  ရှောင်ကြဉ်ရန် မေတ္တာရပ်ခံခဲ့သည်။ COVID-19 ဖြစ်ပွားနေချိန်အတွင်း အင်တာနက် ပိတ်ထားမှုများမှာ “လျော်ကန်ခြင်း မရှိ” ဟု အထင်ကရ နိုင်ငံတကာ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များက ပြောခဲ့ပါသည်။ 
 
မတ်လ ၂၇ ရက်နေ့တွင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က  အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ပိတ်ထားမှုများ အားလုံးကို အဆုံးသတ်ရန်  အစိုးရအားလုံးကို တိုက်တွန်းလိုက်ပါသည်။ ထုတ်ပြန်ချက်တစ်ခုတွင် “COVID-19 ကပ်ဘေးဆိုက်ရောက်နေစဉ်အတွင်း၊ ဤရောဂါအကြောင်း အချက်အလက်မှန်ကို အခြေပြုထားပြီး သက်ဆိုင်မှုရှိသော သတင်းအချက်အလက်များနှင့် ၎င်းပြန့်ပွားပုံနှင့် ၎င်းကို တုံ့ပြန်ပုံတို့ကို လူတိုင်း ခြွင်းချက်မရှိ ရရှိရမည်” ဟု ဆိုထားပါသည်။  
 
အွန်လိုင်း သတင်းအချက်အလက်အပေါ် ကန့်သတ်မှုများကို ဥပဒေမှ ပြဋ္ဌာန်းထားပြီး၊ ထိုကန့်သတ်မှုများသည် လိုအပ်ပြီး၊ တိကျသည့်ခြိမ်းခြောက်မှုအပေါ် အချိုးကျတုံ့ပြန်မှုဖြစ်ကာ အများပြည်သူ အကျိုးရှိကြောင်း  သေချာစေရေး  ဆောင်ရွက်ပေးရန် အစိုးရများတွင် နိုင်ငံတကာ ဥပဒေအရ ဝတ္တရားတစ်ရပ်ရှိပါသည်။ 
 
သတင်းအသွားအလာကို ရပ်စဲရန် သို့မဟုတ် ပြည်သူများ၏ နိုင်ငံရေးအမြင်များကို ထုတ်ဖော်ပြောဆိုနိုင်စွမ်းကို ထိခိုက်စေရန် အာဏာပိုင်များသည် ကျယ်ပြန့်၍ မဆင်မခြင် ပိတ်ထားမှုများကို မည်သည့်အခါမျှ မပြုလုပ်ရန်နှင့် ကျန်းမာရေး ကပ်ဆိုက်သည့်ကာလအတွင်း ထိုသို့ ပြုလုပ်ခြင်းသည် လူ့အသက်များ ဆုံးရှုံးနိုင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပါသည်။  
 
အစိုးရများက အင်တာနက်ပိတ်ရန် အမိန့်ထုတ်ပြန်သော်လည်း ထိုအမိန့်ကို  ဆောင်ရွက်ရန် အင်တာနက် ဝန်ဆောင်မှုပေးသူများတွင် တာဝန်ရှိနေပါသည်။ အင်တာနက် ဝန်ဆောင်မှုပေးသူများသည် ပိတ်ထားရန်အမိန့် တစ်ရပ်ရပ်အတွက် ဥပဒေဆိုင်ရာ အခြေခံတစ်ရပ်ကို တောင်းဆိုခြင်းအားဖြင့်နှင့် အနှောင့်အယှက် အနည်းဆုံးဖြစ်စေသည့်  တောင်းဆိုမှုများကို  အနက်အဓိပ္ပာယ် ကောက်ယူခြင်းအပါအဝင်၊ လျော်ကန်မှုမရှိဘဲ  အင်တာနက် ပိတ်ထားမှုများကို  ပြန်တွန်းလှန်ရန် ၎င်းတို့ တတ်နိုင်စွမ်းရှိသမျှ လုပ်ဆောင်ရမည်။ ၎င်းတို့၏တာဝန်များကို  ကုလသမဂ္ဂ စီးပွားရေးနှင့်  လူ့အခွင့်အရေးဆိုင်ရာ  လမ်းညွှန်ချက် အခြေခံသဘောတရားများ အရ ဦးစားပေးရမည်ဖြစ်ပြီး  အထူးသဖြင့် COVID-19 ကမ္ဘာအနှံ့  ရောဂါဖြစ်ပွားနေစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများတွင်  ပါဝင်ကျူးလွန်ခြင်းကို ရှောင်ရှားရမည်။ 
 
ဝန်ဆောင်မှုပေးသူများသည် ဝန်ဆောင်မှုယူသူများအား ပိတ်ပင်မှုများကို ကြိုတင်အသိပေး၍ ကွန်ရက်များနှင့်  ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းအတွက် အစိုးရ၏ အခန်းကဏ္ဍနှင့် ဥပဒေဆိုင်ရာ အခြေခံချက်ကို  ထုတ်ပြောရမည်။ 
 
အင်တာနက် ပိတ်ထားမှုများကို မှတ်တမ်းတင်ခြင်း၊ ထောက်ခံပြောဆိုခြင်း၊ မူဝါဒ ရေးဆွဲသူအား စိတ်ပါဝင်စားစေခြင်း၊  နည်းပညာပံ့ပိုးမှုနှင့် ဥပဒေအရ ကြားဝင်ဆောင်ရွက်ခြင်းတို့ဖြင့် အင်တာနက် ပိတ်ပင်မှုများကို တိုက်ခိုက်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းများသည် Access Now မှ ညှိနှိုင်းဆောင်ရွက်သည့် #KeepItOn စည်းရုံးလှုပ်ရှားမှုတွင် ပါဝင်နိုင်ပါသည်။
 
“တစ်ကမ္ဘာလုံး အနှံ့အပြား ရောဂါဖြစ်နေစဉ်အတွင်း၊ ကမ္ဘာတစ်ဝန်းရှိ လူတို့ တစ်သီးတစ်ခြား ရှိနေပြီး သတင်း အချက်အလက် ရယူနိုင်မှုသည် သေရေးရှင်ရေးဖြစ်နိုင်သည့်အခါ၊ အင်တာနက်ပိတ်ထားမှုများကို  တရားဝင် ဆိုင်းငံ့ထားရန် အချိန်ရောက်ပြီ၊” ဖြစ်ပြီး “အားလုံးအတွက် တတ်နိုင်သမျှ အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ဝန်ဆောင်မှုရှိစေရန် အစိုးရများက ချက်ချင်း လုပ်ဆောင်ပေးရမည်။” ဟု ဘရောင်းက ပြောပါသည်။

 

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed